Wednesday, November 15, 2017

ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲတွင် လက်ရှိချန်ပီယံဒေ့ဗ် နှင့် စိန်ခေါ်သူစောငမန်းတို့ ထိပ်တိုက်တွေ့ဆုံဖွယ်ရှိ


ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ဝှေ့ပြိုင်ပွဲတွင် လက်ရှိချန်ပီယံဒေ့ဗ် နှင့် စိန်ခေါ်သူစောငမန်းတို့ ထိပ်တိုက်တွေ့ဆုံဖွယ်ရှိ
စောငမန်းတောင်းဆိုသည့် ထိုးသတ်ကြေးကို ရရှိမည်ဖြစ်သော်လည်း လက်ရှိကျင့်သုံးနေသည့် စည်းမျဉ်းအတိုင်းသာ ထိုးသတ်ရမည်
**************************************************************
မြန်မာ့ရိုးရာလက်ဝှေ့ လက်ရှိချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒက်ကို ကြိုးဝိုင်းပေါ်တွင် စိန်ခေါ်လိုက်သည့် စောငမန်း၏ တောင်းဆိုမှုမှာဖြစ်လာတော့မည်ဖြစ်ပြီး လာမည့်ဖေဖော်ဝါရီတွင်ထိပ် တိုက်တွေ့ဆုံကြတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌဦးသိန်းအောင်၏ ပြောကြားချက်အရသိရသည်။
သို့ရာတွင် စိန်ခေါ်ပွဲဖြစ်၍ လက်ရှိတရားဝင်ကျင့်သုံးနေသော စည်းမျဉ်းများ အတိုင်းသာ ကစားသမားများအနေဖြင့်ထိုးသတ်ရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့တွင်ကျင်းပခဲ့သည့် WLC-3 ပြိုင်ပွဲတွင် သြစတြေးလျ ကစားသမားကို အမှတ်ဖြင့်အနိုင်ရပြီးနောက် ကြိုးဝိုင်းပေါ် မှာပင် စောငမန်းက လက်ရှိချန်ပီယံဒေ့ဗ်ကို ထိုးသတ်လိုကြောင်းစိန်ခေါ်ခဲ့ သော်လည်း ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင်မူ လက်ရှိအကြီးတန်း လက်ဝှေ့ကျော်များ ရရှိနေသည့် ထိုးကြေးရမှ ထိုးမည်ဟုပြောခဲ့ပြီး ၎င်း၏ဖေ့စ်ဘုတ်ထက်မှလည်း အမှတ်ပေးစနစ်ဖြင့် ထိုးသတ်လိုကြောင်း ပြောခဲ့သည်ကိုတွေ့ရသည်။
ဦးသိန်းအောင်က ''လက်ဝှေ့ဝါသနာကြီးတဲ့ လုပ်ငန်းရှင်တစ်ဦးကကူညီလို့ စောငမန်းတောင်းတဲ့ကြေးကို ပွဲစီစဉ်သူကိုစပွန်ဆာအနေနဲ့ ပေးဖို့အဆင်သင့်ပါပဲ။ ဒါပေမယ့် စိန်ခေါ်ပွဲဖြစ်လို့ ရိုးရာအစဉ်အလာ စည်းမျဉ်းအတိုင်းပဲထိုးရမှာပါ။ ဒါကိုအမှတ်ပေးပွဲပုံစံထိုးချင်တယ်ဆိုပြီး လာလုပ်လို့မရပါဘူး။ ချန်ပီယံနဲ့ ထိုးချင်တယ်ဆိုရင် ဒီစည်းမျဉ်းစည်းကမ်းတွေကို သူ့(စောငမန်း)အနေနဲ့ လိုက်နာရပါမယ်" ဟုပြောခဲ့သည်။
စောငမန်းအနေဖြင့် ဒေ့ဗ်ကို စိန်ခေါ်ထိုးသတ်နိုင်သည့် အခွင့်အရေးကို ယခင်ကတည်းက ရရှိခဲ့ကြောင်း သို့ရာတွင် ထိုးသတ်ကြေး မတန်တဆတောင်းခဲ့၍ ပွဲဖြစ်မြောက်မလာခြင်းဖြစ်ကြောင်း ဂျပန်တွင် ရိုးရာလက်ဝှေ့ပွဲများ စီစဉ်နေသူ မြန်မာမီဒီယာဂရု(ပ်)မှ ဦးဝဏ္ဏက ပြောသည်။
" ဂျပန်မှာ စောငမန်းကို ဒေ့ဗ်နဲ့ ဆိုင်ပေးဖို့ လုပ်ခဲ့ဖူးပါတယ်။ ပထမအကြိမ်မှာ လေ့ကျင့်ချိန်မပြည့်ဝသေးဘူးဆိုလို့ ဂျပန်ကရာတေးသမားနဲ့ ပွဲပေးခဲ့တယ်။ နောက် ၂လကြာလို့ ဒေ့ဗ်နဲ့ တည်ပေးမယ်လုပ်တော့ စောငမန်းက လက်ရှိသူရနေတဲ့ ထိုးကြေးရဲ့ သုံးဆကျော်တိုးတောင်းခဲ့တယ်။ အဲဒီပမာဏက ချန်ပီယံ ဒေ့ဗ်ရတဲ့ ထိုးကြေးထက်ပိုများနေတာကြောင့် ပွဲပျက်ခဲ့ရတာပါ။ အခု သူတောင်းတဲ့ထိုးကြေးကို ဝါသနာရှင် တစ်ယောက်က စိုက်ပေးလို့ရပြီ။ ဒါကို အမှတ်ပေးစနစ်နဲ့ မှ ထိုးမယ်တို့ ဘာတို့ သူ့အနေနဲ့ တောင်းဆိုလို့မရပါဘူး။ လက်ရှိချန်ပီယံကတောင် ဘာမှ တောင်းဆိုတာမှ မဟုတ်ပဲ။ သူ့(စောငမန်း)အနေနဲ့ အဲဒီလိုတွေ လျှောက်တောင်းဆိုနေရင်တော့ ပွဲမဖြစ်ရုံပဲရှိလိမ့်မယ်"ဟု ဦးဝဏ္ဏက ဆက်လက်ရှင်းပြသည်။
လက်ရှိကာလတွင် ပထမတန်းလက်ဝှေ့ကျော်များဖြစ်သည့် ထွန်းထွန်းမင်းနှင် တူးတူးတို့၏ ထိုးသတ်ကြေးများမှာ ကျပ်သိန်း ၁၀၀ နှင့် ၈၀ အကြားတွင်ရှိပြီး စောငမန်းမှာမူ ကျပ်၂၅သိန်းနှင့် ၃၅ သိန်းကြားသာရှိကြောင်း စုံစမ်းသိရသည်။
၂၀၁၈ ဖေဖော်ဝါရီလ ၁၁ရက် (တနင်္ဂနွေ)နေ့တွင် သိမ်ဖြူရိုးရာလက်ဝှေ့ရုံ၌ (၆၁)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပွဲ ကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးကာ မြန်မာမီဒီယာဂရု(ပ)မှ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

No comments:

Post a Comment

 https://brighternews.xyz/archives/10275   https://brighternews.xyz/archives/10284   https://brighternews.xyz/archives/10290   https://brigh...